အလုပ်အတွက်

“ဘယ်အလုပ်အတွက်မဆို 
အသင့်ဖြစ်နေစေမယ့် အရည်အသွေး(၁၀)ခု” 
(10 Career Readiness Skills)
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

Career ဆိုတာ အလုပ်တစ်ခု (Job) ဆိုတာထက် ပိုပါတယ်။ 

အသက်မွေးမှုလို့ဘာသာပြန်ရမလားပဲ။ သူက Lifelong ဖြစ်ပါတယ်။ 

ကျောင်းပြီးခါစ လူငယ်တစ်ယောက် အောင်မြင်ဖို့ဆိုရင် ပညာရေးမှာ ထူးချွန်ခဲ့ဖို့ အရေးကြီးသလို၊ လုပ်ငန်းခွင်မှာ အကောင်းဆုံးလုပ်ကိုင်နိုင်ဖို့လည်း လိုပါတယ်။

 ပညာကို စာတွေ့အဓိက သိလာပြီးသား လူငယ်တွေအနေနဲ့ လုပ်ငန်းခွင်ထဲ စ၀င်တော့မယ်ဆိုရင် ထပ်ဆောင်းအရည်အသွေးတွေ လိုလာတယ်။ 

အဲဒါတွေသာ ရှိထားရင် ကိုယ်ဟာ ဘယ်တက္ကသိုလ်ကပဲ ဆင်းလာလာ၊ သက်ဆိုင်ရာဘယ်လိုအလုပ်မျိုးအတွက်ပဲဖြစ်ဖြစ် အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ 

အဲဒါကို Career readiness လို့ ခေါ်ပါတယ်။

အဲဒီလိုအနေအထားတစ်ရပ် ဖြစ်နေဖို့ ဘာအရည်အသွေးတွေ လိုအပ်လဲ။ အတိအကျ ဘာတွေပါလို့ ပြောရခက်ပါတယ်။ ဒါပေမယ့် ဒီအချက် (၁၀) ချက်ရှိထားရင်တော့ သူများထက် တစ်ပန်းသာပါလိမ့်မယ်။ 

၁။ ကျိုးကြောင်းဆင်ခြင် တွေးခေါ်နိုင်စွမ်း (Critical thinking)

အချက်အလက်တွေပေါ် အခြေခံပြီး လော့ဂျစ်ကျကျ စဉ်းစားတွေးခေါ်တတ်ဖို့၊ အလုပ်လုပ်တတ်ဖို့ လိုပါတယ်။ အရှင်းဆုံးပြောရရင် ဒါကိုဒီလိုလုပ် ဆိုရုံနဲ့ မရပ်ဘဲ ဘာလို့ဒီလိုလုပ်ရသလဲ မေးတတ် စဉ်းစားတတ်ဖို့ပါ။ ကိုယ်လုပ်သမျှအလုပ်တိုင်းမှာ အကြောင်းရင်းရှိဖို့ လိုပါတယ်။

၂။ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem solving)

မှန်းထားတာကနေ သွေဖည်သွားတာမှန်သမျှဟာ ပြဿနာပါပဲ။ အဲဒါတွေကို မှန်းထားတဲ့ဆီ ဘယ်လောက်ပြန်ဆွဲတည့်နိုင်သလဲ ဆိုတဲ့ အရည်အသွေးမျိုး ဖြစ်ပါတယ်။ ပြဿနာမကြုံဖူးတဲ့သူဆို မရှိပါဘူး။ လူတိုင်းကြုံရပါတယ်။ ဒါကြောင့် ကိုယ်တစ်ယောက်တည်း ကွက်ဖြစ်နေတာမဟုတ်လို့ တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ လိုပါတယ်။

၃။ ဖန်တီးနိုင်စွမ်းနဲ့ လိုက်လျောညီထွေ အလုပ်လုပ်နိုင်စွမ်း (Creativity and Adaptability)

ခေတ်က ဘာမှမသေချာတော့ပါဘူး။ အမြဲပြောင်းလဲနေပါတယ်။ အဲဒီအခါ တစ်သမတ်တည်း လုပ်ခြင်းထက် ဖန်တီးနိုင်စွမ်း ရှိဖို့ လိုလာပါတယ်။ ဒီခေတ်မှာ ဥပမာတွေ မြောက်များစွာ တွေ့ဖူးကြမှာပါ။ ဘယ်တော့မှ မပြိုလဲလောက်ဘူး ထင်ထားတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ ကျရှုံးကုန်ကြတာ တစ်ခြားကြောင့် မဟုတ်ပါဘူး။ အပြောင်းအလဲကို သတိမပြုမိလိုက်လို့ပါ။ 

၄။ သတင်းအချက်အလက် ရှာဖွေအသုံးပြုနိုင်မှု (Information literacy)

သတင်းခေတ်မှာ အချက်အလက်တွေ ဘယ်လောက်ရှာနိုင်သလဲ၊ စုထားနိုင်သလဲဆိုတာ ဘယ်လောက်ထိ အရေးပါတယ် ပြောနေစရာတောင် မလိုပါဘူး။ ဖေ့စ်ဘွတ်ဆိုတာလည်း သတင်းအတွက် အထောက်အကူပြုတာပဲ။ ဒါပေမယ့် တက်လာသမျှ ယုံနေလို့တော့ မရဘူး။ ဆန်းစစ်ဖို့၊ အတည်ပြုဖို့တော့ လိုမယ်။ နောက်တစ်ခုက သတင်းတွေအများကြီးသိနေပေမယ့် ပြန်အသုံးမချတတ်ဘူးဆို အလကားပါပဲ။ 

ဥပမာ အစိုးရသစ်လက်ထက် ဆရာ၀န်တွေ ထပ်တိုးခေါ်မယ်ဆိုတဲ့သတင်း သိလိုက်ပြီဆိုပါတော့၊ ဒီမှာတင် ရပ်လိုက်ရင် အလကားပါပဲ။ အဲဒီလိုခေါ်လိုက်ရင် ဆရာ၀န်တွေအပေါ် မှီပြီး လုပ်နေတဲ့ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်လုပ်ငန်း ဘာတွေဖြစ်လာနိုင်သလဲ၊ ကိုယ့်ဆီက ၀န်ထမ်းဆရာ၀န်တွေကို ဘယ်လိုဆွဲဆောင်ထားမလဲ၊ သူတို့အလုပ်ထွက်သွားခဲ့ရင် ငါတို့ ဘာတွေပြင်ဆင်ထားနိုင်မလဲ၊ ဒါမျိုး ပြန်အသုံးချနိုင်မှ သတင်းဟာ တန်ဖိုးရှိတာပါ။

၅။ ဆက်သွယ်ပြောဆိုခြင်း (Communication)

ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူဟာ သူ့ဘ၀တိုးတက်ဖို့အတွက် လှေကားတစ်စင်း အပိုင်ရထားလိုက်သလိုပါပဲ။ 

Stanford Research Institute ကနေ ဖော်ပြဖူးပါတယ်။ 

“ဘယ်အလုပ်မှာမဆို ရသမျှငွေကြေးအားလုံးရဲ့ ၁၂.၅% ဟာ လုပ်ငန်းပိုင်းဆိုင်ရာ ပညာကြောင့်ဖြစ်ပြီးတော့ ကျန်တဲ့ ၈၇.၅ ရာခိုင်နှုန်းကတော့ လူတွေနဲ့ ညှိနှိုင်းဆောင်ရွက်တတ်တဲ့ အရည်အချင်းကြောင့် ဖြစ်ပါတယ်”

လုပ်ငန်းခွင်မှာ ကြုံရတတ်တဲ့ ပြဿနာတော်တော်များများဟာလည်း အဲဒီဆက်သွယ်ပြောဆိုမှု အားနည်းတာကနေ စတာပါပဲ။ မဖြစ်မနေ လိုလာပြီဖြစ်တဲ့ ဘာသာစကားကျွမ်းကျင်မှုကတော့ ဒီထဲ ပါလိမ့်မယ်။

၆။ စီမံခန့်ခွဲမှု အရည်အချင်း (Management)

စီမံခန့်ခွဲတယ်ဆိုတာ အများစုပေါင်းအားနဲ့ အလုပ်တွေပြီးစီးအောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အခြေခံအားဖြင့် လူ၊ ငွေ၊ ပစ္စည်း၊ နည်းပညာနဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချပြီး လုပ်ငန်းအောင်မြင်အောင် လုပ်တာဟာ စီမံခန့်ခွဲမှုပါပဲ။

ရာထူးငယ်ငယ်မှာ ဘယ်လိုလုပ်ရတယ်ဆိုတဲ့ Technical skill ရှိရုံနဲ့ရပါတယ်။ စီမံခန့်ခွဲရတဲ့ ရာထူးမျိုးထိ ရောက်ချင်ရင်တော့ အနည်းဆုံး လူတွေနဲ့တွဲဖက်အလုပ်လုပ်တတ်တဲ့ Human skill တော့ ရှိနေအောင် ကြိုးစားဖို့လိုပါတယ်။ အဲဒါမရှိဘဲ Managerial role တစ်ခုကို ရဖို့ခက်နိုင်ပါတယ်။ 

၇။ ပူးပေါင်းဆောင်ရွက်မှု (Collaboration)

တစ်ယောက်တည်း လုပ်လို့ရတဲ့အလုပ် သိပ်ရှားပါတယ်။ လူတွေက တခါတလေ တွေးတယ်။ ညစ်လိုက်မယ် ထစ်ထားလိုက်မယ် အဲဒါမှ တစ်ဖက်ကို သူအသာရမပေါ့။ အမှန်တော့ လုပ်ဖော်ကိုင်ဖက်တင် အခက်တွေ့တာ မဟုတ်ပါဘူး။ သူလည်း ရှုံးနိမ့်သွားတာပါပဲ။ Collaboration ပျက်သွားလို့ပါ။

ပုံပြင်လေးတစ်ပုဒ်ရှိတယ်။ လူ(၃)ယောက်က လှေတစ်စီးကို စီးလာကြသတဲ့။ ရေလယ်ခေါင်ရောက်တော့ အလယ်မှာထိုင်နေတဲ့ တစ်ယောက်က လှေ၀မ်းဗိုက်ကို ဖောက်နေတယ်။ အဲဒါနဲ့ ကျန်တဲ့နှစ်ယောက်က တားတာပေါ့။ ရေတွေ၀င်လာလိမ့်မယ်ဆိုတော့ အဲဒီလူက ပြန်ပြောတယ်၊ ငါထိုင်နေတဲ့နေရာအောက်ကို ငါ့ဟာငါ ဖောက်တာ မင်းတို့နဲ့ ဘာဆိုင်သလဲ တဲ့။

မဟုတ်ပါဘူး။ ဆိုင်ပါတယ်။ ဘာလို့ဆိုတော့ သူတို့(၃)ယောက်ဟာ တစ်လှေတည်းစီးလာကြတာမို့လို့ပါပဲ။ တစ်ယောက်ရဲ့အသက်ရှင်ရပ်တည်မှုဟာ ကျန်တဲ့နှစ်ယောက်နဲ့လည်း သက်ဆိုင်တယ်။ 

ဒါကြောင့် အဖွဲ့အစည်းတွေမှာလည်း အဲဒီစိတ်လေး မွေးနိုင်ဖို့လိုတယ်။ သူမှားတာလေ၊ သူတို့လွဲတာလေ လက်ညှိုးထိုးပြောမနေပါနဲ့၊ တစ်ယောက်မှားရင် တစ်ဖွဲ့လုံးရှုံးနိမ့်တာပါပဲ။ 

၈။ ကိုယ့်အသိစိတ်နဲ့ ဆောင်ရွက်ခြင်း (Self direction)

ခပ်ရှင်းရှင်းပြောရရင် ခိုင်းမှ၊ ပြောမှလုပ်တတ်ကြတဲ့အကျင့်ကို ဖျောက်ကြရမယ်။ ဒါကလည်း ငယ်ငယ်က လေ့ကျင့်သင်ကြားခဲ့ရတဲ့ ပုံစံနဲ့ အများကြီးသက်ဆိုင်ပါတယ်။ 

ပြောစကားနားထောင်တယ်၊ လိမ္မာတယ်ဆိုတာကို ဂုဏ်ယူစရာအဖြစ် ပျိုးထောင်ခံခဲ့ကြရတယ်။ ပညာရေးစနစ်ကလည်း အဲဒီအတိုင်း ပုံသွင်းပေးထားတယ်။ တီထွင်ကြံဆခြင်းထက် လမ်းဟောင်းလိုက်ခြင်းကို ဦးစားပေးတယ်။

 မှားရဲအောင် မသင်ကြားပေးဘူး။ အဲဒီလိုနဲ့ ကြီးလာတဲ့အခါ အပြောင်းအလဲတခုခု လုပ်ဖို့၊ အများနဲ့ကွဲထွက်ရဲဖို့ သတ္တိမရှိတော့ဘူး၊ ဘောင်ရဲ့အပြင်ဘက်ကိုထွက်ပြီး မစဉ်းစားတတ်ကြတော့ဘူး။ အဲဒီလိုနဲ့ လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ အထက်ကခိုင်းမှ၊ ပြောမှ လုပ်တတ်တဲ့အကျင့်က ရလာပါတော့တယ်။ ဒီခေတ်မှာ အထက်ကခိုင်းမှ၊ တာဝန်ပေးမှ လုပ်တတ်တဲ့သူဟာ တစ်ဆင့်ထက်တစ်ဆင့် တက်လာဖို့ ခက်ပါတယ်။

၉။ ပရော်ဖက်ရှင်နယ်ပီသမှု (Professionalism)

လုပ်ငန်းခွင်မှာ ကိုယ့်အောက်ကလူကို Customer ရှေ့ အော်ငေါက်မယ် ဆဲဆိုမယ်၊ အဖွဲ့ရဲ့ မကောင်းကြောင်းတွေ၊ အဖွဲ့ရဲ့လျှို့ဝှက်ချက်တွေကို နောက်တစ်ဖွဲ့ကို ပြန်ပြောမယ်၊ Social media ပါ် ရေးမယ်၊ ဒါတွေဟာ ပရိုမပီသတဲ့ အပြုအမူများပါ။

 အလုပ်တစ်ခုချင်းစီမှာ သက်ဆိုင်ရာ လိုက်နာရမယ့်ကျင့်၀တ်တွေ ရှိကြပါတယ်။ အဲဒါတွေကို တလေးတစား လိုက်နာတတ်တဲ့သူမှ ရေရှည်အောင်မြင်မှု ရနိုင်ပါတယ်။

၁၀။ အကောင်းမြင်စိတ် (Positive Attitude)

လူတစ်ယောက် ရှုံးနိမ့်မှာလား အောင်မြင်မှာလားကို အဓိက အဆုံးအဖြတ်ပေးတာ အဲဒီ Attitude ပါ။ လူတိုင်းမှားဖူးတယ်။ 

အမှားကနေ သင်ခန်းစာယူ ရှေ့ဆက်မလား၊ ဆက်မှားမလား၊ နောင်တတွေရ စိတ်ထိခိုက်ပြီး လက်မြှောက်သွားမလားဆိုတာ တစ်ခုတည်းပေါ်ပဲ မူတည်တယ်။ 

အဲဒါ ကိုယ့်ခံယူချက်ပါပဲလို့ ဆိုရင်း။
အောင်မြင်ထူးချွန်ကြပါစေ. . .
Credit;
Dr.Phyo Thiha

Popular posts from this blog

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ

ဝါယာ

Hacker ဖြစ်ချင်လား

အုိင္ဒီယာကို သေဘာက်လို႔ပါ

စက်

ခေါင်းဆောင်

အငုံစိတ်

မိမိ