လူတွေရှေ့
ကျွန်တော် လူတွေရှေ့ စကားထွက်ပြောချင်တယ်….
ဒါပေမဲ့ ကျွန်တော် မပြောရဲဘူး…..
ဒီစာလေး ဖတ်ပြီးတော့ ကျွန်တော်ပြောရဲသွားပြီ…..
—-----------------------------------------------------------
ကျွန်တော်တို့ဘဝမှာ ကျွန်တော်တို့ စိတ်ကူးယဥ်ခဲ့ရတဲ့အရာတွေ အများကြီးရှိကြတယ်။ တချို့တွေကျတော့ စိတ်ကူးယဥ်ပုံရိပ်တွေကို လက်တွေ့ဘဝမှာ ပုံဖော်နိုင်ခဲ့တယ်။ ဒါပေမဲ့ တချို့တွေကတော့ မလုပ်နိုင်ခဲ့ဘူး။
ဘာလို့လဲ?
စိတ်ကူးယဉ် အိမ်မက်ဟာ သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ကျွန်တော်တို့တွေ ရယူနိုင်ရမယ်လေ။ အကြောင်းအရင်းက ကျွန်တော်တို့ရဲ့ အိပ်မက်ဖြစ်နေလို့ကို ဖြစ်မြောက်အောင် လုပ်ရမယ်။ ပုံဖော်ရမယ်။ အဲ့ကနေရရှိတဲ့ အောင်မြင်မှု၊ ပျော်ရွှင်မှုကို ခံစားနိုင်ရမယ်။ အဲ့လိုခံစားနိုင်ဖို့ ကျွန်တော် ဒီစာလေးကို ရေးလိုက်ခြင်းဖြစ်တယ်။
—-----------------------------------------------------------
ကျွန်တော်တို့ အခုအချိန်ကစပြီး အနှုတ်သဘောဆောင်တဲ့ အရာတွေကို ပျော်မွေ့နေတဲ့ ပုံစံအဟောင်း (Old Me) ကို နှုတ်ဆက်ပြီး အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေ ရှိတဲ့ စိတ်ကူးယဉ်ပုံရိပ်ထဲ ပုံစံအသစ် (New Me) ကို ဖန်တီးလိုက်ရအောင်လားဗျ။
ဖန်တီးတော့မယ်ဆိုရင် အောက်ပါ အချက် (၃)ချက်ကို သိထားသင့်ပါတယ်။
၁။ ကျွန်တော်တို့ ခန္ဓာကိုယ်က အကျင့်ပါတတ်ပါတယ်။
“အများညီ ဤကိုကျွဲဖတ်” ဆိုသလို” ခန္ဓာကိုယ် တစ်ခုလုံးညီ အမှားကိုအမှန်” ထင်တတ်ပါတယ်။ ကျွန်တော်တို့ အခုစဉ်းစားကြည့်ကြမယ်။ လူကြောက်တဲ့ ကောင်လေးတစ်ယောက် လူတွေ အများကြီးရှေ့မှာ စကားထွက်ပြောရမယ်ဆိုရင် သူ့ခေါင်းထဲမှာ အရင်ဆုံး ဘာဖြစ်သွားမယ်ထင်လဲ။ သေချာတယ် ခေါင်းထဲတင်မကဘူး နှလုံးခုန်နှုန်းတွေမြန်၊ ရင်တွေဘာတွေ တုန်ဖြစ်သွားမှာပဲ။ အဲ့ဒါ ခန္ဓာကိုယ်ရဲ့ ပုံမှန်တုံ့ပြန်မှု တစ်ခုလို အကျင့်တစ်ခုလို ဖြစ်နေပြီမလို့။ အဲ့လို အခြေအနေရောက်လာတာနဲ့ ခန္ဓာကိုယ်က တုန်လာမယ်၊ ပြီးရင် ဦးနှောက်က ခန္ဓာကိုယ်ကို မင်းလုပ်နေကျအတိုင်း လုပ်တာပဲ ဆိုပြီး လက်ခံတွေးပေးလိုက်တာနဲ့ ရလဒ်က “ငါဟာ ငါဖြစ်ချင်တဲ့ စကားထွက်ပြောရမယ်ဆိုတဲ့ အိမ်မက်က မဖြစ်နိုင်တော့ဘူး” ဆိုတဲ့ အပြုသဘောမဆောင်တဲ့ အတွေးတွေနဲ့ ပိတ်လှောင်လိုက်ရော။
ဘယ်လိုဆိုရင် အဆင်ပြေမလဲ?
အပေါ်က အခြေအနေမှာ လူကြောက်တဲ့ ကောင်လေးတစ်ယောက်က “New Me” ဖြစ်ဖို့ ဆုံးဖြတ်ထားပြီး
ဒီလိုမျိုးသူ့ခန္ဓာကိုယ်က သူ့ကို ပြောနေကျ တုန့်ပြန်မှုတွေ လာတာကို သတိနဲ့ သိလိုက်မယ်ဆိုရင် သူ့အနေနဲ့ “ဒီဟာက ငါ့ခန္ဓာကိုယ်က ဖြစ်နေတာ ငါဖြစ်နေတာမဟုတ်ဘူး၊ ငါ့ ခန္ဓာက ဖြစ်နေတာ၊ ငါ ပြောင်းလဲချင်ရင် ခန္ဓာကိုယ်ကို လေ့ကျင့်ရမယ်” ဆိုတာမျိုးနဲ့ဆိုရင် သူ့စိတ်ထဲ အများကြီးပေါ့သွားပြီး လုပ်စရာ ရှိတာ ဆက်လုပ်နိုင်မှာပဲ ဖြစ်တယ်။
၂။ စိတ်ကို လေ့ကျင့်ပါ (Mental Rehearsal) ။
စိတ်ကလည်း အကျင့်ပါတတ်ပါတယ်။ အဓိကက “မသိစိတ်” ပေါ့။ “မသိစိတ်” က စွမ်းအားရှိပေမယ့် “စဥ်းစားဆုံးဖြတ်နိုင်စွမ်း” မရှိပါဘူး။ “သိစိတ်”ကအမိန့်ပေးတဲ့အရာကို “မသိစိတ်”က မှန်တယ် မှားတယ် မခွဲခြားဘဲ လုပ်ဆောင်လေ့ရှိပါတယ်။ ဒါပေမဲ့ သိစိတ်နဲ့ စိတ်ကူးယဥ်ပြီး လေ့ကျင့်လို့ရပါတယ်။
စိတ်ပညာဘာသာရပ်မှာ အောင်မြင်နေတဲ့ ဒေါက်တာ Joe Dispenza ရဲ့ စမ်းသပ်တွေ့ရှိချက်လေးကို ပြောပြချင်ပါတယ်။ အဲ့မှာ လူအုပ်စု (၂)စု ရှိပါတယ်။ ပထမလူတစ်စုကို တကယ့် စန္ဒရားတူရိယာ နဲ့ စန္ဒရားတီး သင်ခိုင်းတယ်။ နောက်တစ်စုကိုကျတော့ စန္ဒရားတူရိယာ မပါဘဲ သင်ခိုင်းတယ်။ ဘယ်လိုသင်လဲဆိုတော့ တီးရမယ့် နုတ်စ်တွေ(Notes) ကော့ဒ်တွေ (Chords)ကို တစ်နေ့ (၂)နာရီကြာ စိတ်ကူးယဉ်ပြီး တီးခိုင်းတယ်။ နောက် (၅)ရက်လည်း ကြာရော ဖော်ပြထားခဲ့တဲ့ လူ (၂)စုကို ပေါင်းပြီး စန္ဒရားတူရိယာ စန္ဒရားတီးခိုင်းတဲ့အချိန်မှာ အံ့ြသစွာပဲ အကုန်လုံးက တီးနိုင်ခဲ့ကြတယ်။ အဲ့တာ ကျွန်တော်တို့ရဲ့ ဦးနှောက်က အပြင်ဘက်မှာ ဖြစ်နေတာကို မသိဘူး။ ကျွန်တော်တို့ ပို့လိုက်တဲ့ အချက်အလက်တွေပေါ်မူတည်ပြီးပဲ လုပ်ဆောင်နေတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဖြစ်လိုတဲ့ ရလဒ်တွေရအောင်၊ အောင်မြင်မှုတွေရအောင် စိတ်ကို ကောင်းကောင်းအသုံးချတတ်ဖို့ လိုပါတယ်။
၃။ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။
ဒီအချက်ကတော့ အရေးအကြီးဆုံးပါ။ ပြောင်းလဲတဲ့ ခရီးလမ်းတစ်ခုဟာ အကျင့်ဟောင်းတွေ ခိုင်မာရင် ခိုင်မာသလောက် ပြောင်းလဲချိန် ကြာနိုင်ပါတယ်။ ဒါကြောင့် ပင်ပန်းလာတဲ့အခါ ကိုယ့်ကိုကိုယ် အပြစ်တင်နိုင်ပါတယ်။ အစကတည်းက ပိုကောင်းတဲ့ “ကိုယ်” ဖြစ်အောင် ပြောင်းလဲနေတာမလို့ အရင်တုန်းကအတိုင်း အပြစ်တင်နေမယ်ဆိုရင် ဘာမှ ထူးခြားမှာ မဟုတ်ပါဘူး။ ကျွန်တော် ဖော်ပြခဲ့သလိုပဲ ခန္ဓာကိုယ်တွေက အကျင့်ပါတတ်တယ်။ ကျွန်တော်တို့တွေက အပြုသဘော “မ”ဆောင်တဲ့ အတွေးတွေကို တွေးနေကြမို့လို့လည်း ကိုယ့်ကိုကိုယ် အပြစ်တင်မိနိုင်ပါတယ်။ အဲ့တာကို သတိရှိပြီးတော့ ကိုယ့်ခန္ဓာကိုယ်က ပြောနေကျစကားတွေထဲက အပြုသဘော “မ”ဆောင်တဲ့ အတွေးတွေကို လက်မခံဘဲ ကိုယ်ပြောင်းလဲချင်တဲ့ ပုံစံအသစ်ကို ပြောင်းလဲနိုင်ပါတယ်။
ဒီနေ့မှစပြီး စိတ်ကူးယဉ် ပုံရိပ်တွေကို ကိုယ့်ပုံရိပ်ဖြစ်အောင် အတူပြောင်းလိုက်ကြရအောင်လားဗျာ။
ကျွန်တော်ပြောပြသွားတဲ့ အကြောင်းအရာလေးက Mindmaxer တို့အတွက် အကျိုးရှိတယ်ဆိုရင် ကိုယ့်မိတ်ဆွေတွေကို ပြန်လည်မျှဝေပေးဖို့ မမေ့ကြပါနဲ့နော်။
Mindmax
Max Your Mind
mindmax.app