စီမံခန့်ခွဲမှူ
မိမိကိုယ်ကိုစီမံခန့်ခွဲမှုကောင်းအောင် ဘယ်လိုလုပ်ဆောင်မလဲ
==========================================
Emotional Intelligence ဆိုတာ ခုနောက်ပိုင်းမှာ လူပြောများတဲ့အကြောင်းအရာတစ်ခုပါ။ လူတစ်ယောက်တော်တာ အောင်မြင်တာသူ့ရဲ့ ဥာဏ်ရည် (IQ) ဆိုတာထက် စိတ်ခံစားချက်ဆိုင်ရာ ကောင်းမွန်မှု (EQ) ကပိုအရေးပါတယ်ဆိုပြီး ပြောလာကြပါတယ်။
Emotional Intelligence မှာ အဓိကအားဖြင့် အပိုင်းလေးပိုင်းပါပါတယ်နော်။
အဲဒါတွေကတော့. . .
၁) Self Awareness လို့ခေါ်တဲ့ မိမိကိုယ်ကိုယ်သိရှိမှု
၂) Self Management လို့ခေါ်တဲ့ မိမိကိုယ်ကိုယ်စီမံခန့်ခွဲနိုင်မှု
၃) Social Awareness လို့ခေါ်တဲ့ အခြားသူများကိုနားလည်မှု
၄) Relationship Management လို့ခေါ်တဲ့ ပေါင်းသင်းဆက်ဆံရေးစီမံခန့်ခွဲနိုင်မှု
ဒီဆောင်းပါးမှာတော့ ဒုတိယအကြောင်းအရာဖြစ်တဲ့ Self Management တစ်နည်းအားဖြင့် မိမိကိုယ်ကိုစီမံခန့်ခွဲမှု ကောင်းအောင် လုပ်ဆောင်လို့ရမဲ့နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
မိမိကိုယ်ကိုယ်စီမံခန့်ခွဲမှုဆိုတာ မိမိရဲ့စိတ်ခံစားချက်တွေကိုသတိပြုမိပြီး ကိုယ့်ရဲ့အပြုအမူ အပြောအဆိုတွေကို ကောင်းမွန်တဲ့ဘက်ကိုလုပ်ဆောင်မိအောင် အသုံးချတဲ့အရည်အသွေးတစ်ခုပဲ ဖြစ်ပါတယ်။
မိမိရဲ့စိတ်ခံစားချက်ကြောင့် အခြေအနေတွေ "အခြားသူတွေအပေါ်မှာ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုတွေကို စီမံခန့်ခွဲခြင်း"ပဲဖြစ်ပါတယ်။
၁) စိတ်ခံစားမှု နှင့် ကျိုးကြောင်းစီလျော်မှု စာရင်းပြုစုပါ
စာဖတ်သူဟာ အကြောင်းအရာတစ်ခုအပေါ်မှာ စိတ်ခံစားချက်ကိုဦးစားပေးတဲ့အခါမှာ ကျိုးကြောင်းစီလျှော်မှုကိုမတွေးမိတော့ပါဘူး။
ဒါကြောင့်လည်း စိတ်ခံစားချက်နဲ့ဦးနှောက်လွန်ဆွဲနေတဲ့ အခါတိုင်းမှာ စာရွက်တစ်ရွက်ပေါ်မှာ ကော်လံနှစ်ခုခွဲပြီး တစ်ဖက်မှာ စိတ်ခံစားချက်ကလုပ်စေချင်တဲ့ အရာတွေကိုချရေးပြီး နောက်တစ်ဖက်မှာ ကျိုးကြောင်းစီလျော်မှုအရ အကြောင်းပြချက်တွေကို ချရေးပါ။
ပြီးရင် နှစ်ဖက်ကိုချိန်ဆကြည့်ပါ။ ကိုယ့်ရဲ့စိတ်ခံစားချက်က အရေးကြီးတဲ့အချက်တွေကို လျစ်လျူရှုမိနေသလားဆိုတာသတိထားကြည့်ပါ။ စိတ်ခံစားချက်နဲ့ကျိုးကြောင်းစီလျော်မှုဟာ မျှမျှတတဖြစ်သင့်ပါတယ်။
၂) အချိန်ယူစဉ်းစားပါ
ပြသာနာတစ်ခုခုဖြစ်တဲ့အခါမှာပဲဖြစ်ဖြစ် စိတ်ဖိစီးမှုခံစားရတဲ့အခါမှာပဲဖြစ်ဖြစ် လူအများစုဟာ ဆုံးဖြတ်ကိုမြန်မြန်ဆန်ဆန်ချပြီး ပြသာနာကိုဖြေရှင်းလေ့ရှိကြပါတယ်။
ဥပမာ - လုပ်ငန်းခွင်ထဲမှာ ပြသာနာတစ်ခုနဲ့ကြုံရတဲ့အခါမှာ စိတ်လိုက်မာန်ပါချက်ချင်းဆိုသလိုဖြေရှင်းမယ်ဆိုရင် ဒေါသ၊ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုစတဲ့ စိတ်ခံစားချက်တွေက အမှားတွေဖြစ်စေနိုင်ပါတယ်။
ဒါကြောင့်လည်း ကိစ္စရပ်တစ်ခုကို ချက်ချင်းဆိုသလိုဆုံးဖြတ်ချမတုံ့ပြန်ပဲ အရေးကြီးလေလေ အနည်းဆုံးတစ်ရက် အချိန်ယူစဉ်းစားသင့်ပါတယ်။
စိတ်ခံစားချက်တည်ငြိမ်သွားတဲ့အခါမှ ပြသာနာဖြေရှင်းဖို့အကောင်းဆုံး နည်းလမ်းကို စဉ်းစားလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
၃) မိမိကိုယ်ကိုယ်ပြောတဲ့စကားတွေကို သတိပြုပါ
လေ့လာတွေ့ရှိချက်များအရ လူတစ်ယောက်ဟာတစ်နေ့ကို အတွေးပေါင်း ၅၀၀၀၀ကျော်တွေးလေ့ ရှိပါတယ်။ ကိုယ့်ရဲ့အတွေးပေါ်မှာလိုက်ပြီး လူတွေဟာစိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာခံစားရတတ်ပါတယ်။
အတွေးတွေဟာ အသက်ရှုသလိုပဲအလိုလိုဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့ ကောင်းမွန်တဲ့အတွေးပဲ ဖြစ်ဖြစ် မကောင်းတဲ့အတွေးပဲဖြစ်ဖြစ်သေချာသတိမထားမိတတ်ကြပါဘူး။ အတွေးတွေကနေ ကိုယ့်ကိုယ်ကိုပြောတဲ့စကားတွေဖြစ်လာတတ်ပါတယ်။
လူတွေမှာ ကိုယ့်ရဲ့အတွေးတွေဟာအများဆုံး လွှမ်းမိုးတာဖြစ်တဲ့အတွက် ကောင်းတာတွေးရင်ကောင်းတာတွေဖြစ်လာတတ်သလို ကိုယ့်ကိုယ်ကို မတော်ဘူးမတတ်ဘူး အထင်သေးတဲ့အတွေးတွေအပြောတွေကိုလုပ်ဆောင်နေမိရင် ကိုယ့်ရဲ့တိုးတက်မှုတွေကိုလည်း နှောင့်နှေးစေနိုင်ပါတယ်။
၄) ကိုယ့်ရဲ့အမြင်ကိုပြောင်းပါ
အခြေအနေတွေဆိုတာ များသောအားဖြင့်ပြောင်းလဲလို့မရနိုင်ပေမဲ့ ကိုယ့်ရဲ့အမြင်ကိုပြောင်းလဲလိုက်တဲ့ အခါမှာ စိတ်ခံစားချက်တွေကပြောင်းလဲသွားတတ်ပါတယ်။
ဥပမာ - ကိစ္စရပ်တစ်ခုမှာ ကိုယ်ကထိန်းချုပ်လို့ မရဘူး ပြောင်းလဲလို့မရဘူးဆိုရင် ဒီကိစ္စရပ်ကိုအကောင်းဆုံးအမြင်နဲ့ကြည့်ပြီး ကိုယ်ဘယ်လိုတုံ့ပြန် မလဲဆိုတာကိုစဉ်းစားပါ။
ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေအပေါ်မှာ စိတ်ပျက်နေမဲ့အစား ကိုယ်လုပ်ဆောင်နိုင်တဲ့အပိုင်း ဘယ်အရာတွေကိုအကောင်းဆုံးလုပ်ဆောင်မလဲဆိုတာကို စဉ်းစားပါ။
၅) ကိုယ့်ကိုယ်ကိုအချိန်ပေးပါ
ခန္ဓာကိုယ်ကြံ့ခိုင်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ဖို့အချိန်ပေးရသလို မိမိစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ဖို့အတွက် စိတ်အနားယူဖို့အချိန်သီးသန့်ပေးပါ။ တစ်နေ့တာမှာ (သို့မဟုတ်) တစ်ပတ်တာမှာ ကိုယ့်အတွက် အချိန်သီးသန့်ဖယ်ပြီး အတွေးတွေကိုရပ်နားပြီးစိတ်အနားယူဖို့လိုအပ်ပါတယ်။
ဒီလိုလုပ်ဆောင်ခြင်းဖြင့် ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေ အစီအစဉ်ရေးဆွဲမှုတွေ ကျိုးကြောင်းဆီလျော်စွာတွေးခေါ်မှု စတဲ့အရာ အကောင်းဆုံးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုစိတ်အနားယူတဲ့အချိန်မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အရာတွေကိုလုပ်ဆောင်ခြင်းဖြင့် အနားယူနိုင်ပါတယ်။
ဥပမာ - သီချင်းနားထောင်ခြင်း၊ သစ်ပင်စိုက်ခြင်း၊ ယောဂကျင့်ခြင်း စတဲ့ ကိုယ်ဝါသနာပါတာကို လုပ်ဆောင်ခြင်းဖြင့် စိတ်အနားယူကာ "မိမိကိုယ်ကိုစီမံခန့်ခွဲမှုအရည်အသွေး"တွေကိုလည်း တိုးတက်အောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
Self Management တစ်နည်းအားဖြင့် မိမိကိုယ်ကိုယ်စီမံခန့်ခွဲနိုင်မှုဟာ မိမိရဲ့စိတ်ခံစားချက်တွေကို သတိပြုမိပြီး ဘယ်လိုအကောင်းဆုံးတုံ့ပြန်လုပ်ဆောင်မလဲ၊
အခြေအနေတွေကိုပြောင်းလဲလို့ မရနိုင်ရင်တောင် ကိုယ့်ရဲ့စိတ်ခံစားချက်ကိုဘယ်လိုသတိထားကြည့်ရှုပြီး ကောင်းမွန်တဲ့အရာတွေကို လုပ်ဆောင်မိဖို့ မကောင်းတဲ့အရာတွေကိုမလုပ်ဆောင်မိအောင် ရှောင်ကြဉ်နိုင်ဖို့ကို အများကြီး အထောက်အကူဖြစ်စေနိုင်ပါတယ်။
ဒီအကြောင်းအရာလေးကို Emotional Intelligence 2.0 ဆိုတဲ့စာအုပ်နဲ့အခြားသောစာအုပ်စာတမ်းလေးတွေကို မှီငြမ်းအသုံးပြုကိုးကား ရေးသားထားခြင်းလည်း ဖြစ်ပါတယ်လို့။
မိတ်ဆွေတို့အနေနဲ့လည်းဒီဆောင်းပါးလေးကိုလေ့လာရင်း မိမိကိုယ့်ကို စီမံခန့်ခွဲမှုကောင်းမွန်သူတွေ ဖြစ်နိုင်ကြပါစေလို့
အောင်မြင်ကြပါစေနော်။
Ref:Emotional Intelligence 2.0
Ref:How to improve Self-Management?
Ref:How to Motivate Self-Management?
Credit:Laura_Cho