ဝန်ထမ်း
"၀န်ထမ်းတွေ မနှစ်သက်တဲ့အရာ"
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
အလုပ်ရှင်တွေအနေနဲ့ ကိုယ့်လုပ်ငန်းခွင်မှာ ၀န်ထမ်းကောင်းတွေ တည်မြဲဖို့ရာ လွန်စွာအရေးကြီးပါလှတယ်။
၀န်ထမ်းကောင်းတွေ ကိုယ့်အလုပ်မှာ ရေရှည်လုပ်ကိုင်မှသာ ကိုယ့်အဖွဲ့အစည်းရဲ့ တိုးတက်မှုကို ရရှိမှာဖြစ်ပါတယ်။
ဒါကြောင့် ၀န်ထမ်းကောင်းတွေကို ရေရှည်ထိန်းထားနိုင်ဖို့ရာ လိုအပ်ချက်တွေထဲက တစ်အခုအပါအ၀င်ဖြစ်တဲ့ ၀န်ထမ်းတွေမနှစ်သက်တဲ့ အရာတွေကိုလည်း သိနားလည်ထားဖို့လိုပါတယ်။
ဒီတော့မှသာလျှင် အဖွဲ့အစည်းတွေအနေနဲ့လည်း သတိပြုရှောင်ရှားမိမှာ ဖြစ်ပါတယ်။
စစ်တမ်းတွေအရတော့ ၀န်ထမ်းတွေ မနှစ်သက်တဲ့အရာတွေကို ခွဲခြားကြည့်မယ်ဆိုရင် (၁၀) ချက် ရှိပါတယ်။
(၁) လုပ်ငန်းခွင်တွင်း ဆက်ဆံရေးအားနည်းခြင်း
လုပ်ငန်းခွင်မှာ ဆက်ဆံရေးဆိုးရွားခြင်းဟာ အကြီးမားဆုံး ပြဿနာပဲဖြစ်ပါတယ်။ ၀န်ထမ်းတွေအနေနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ လုပ်ငန်ခွင်မျိုးကိုပဲ လိုလားနှစ်သက်ကြပါတယ်။
အထက်၊ အောက်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ၀ယ်ယူသူတွေကြား ဆက်ဆံရေးဟာ ရေရှည်တည်ဆောက်နိုင်မှသာ လုပ်ငန်းခွင်လည်ပတ်မှုမှာ အဆင်ပြေချောမွေ့မှာ ဖြစ်ပါတယ်။
ဆက်ဆံရေး ပြတ်တောက်မှုဟာ လုပ်ငန်းလည်ပတ်မှုကို နှောင့်နှေးစေရုံသာမက ၀န်ထမ်းအချင်းချင်းကြား အသင်းအဖွဲ့စိတ်ဓာတ်ကိုလည်း ပျက်ယွင်းစေပါတယ်။
ဒါကြောင့် ဆက်ဆံရေးအားနည်းတဲ့ အဖွဲ့အစည်းမျိုးကို ၀န်ထမ်းတွေ မနှစ်သက်ကြဘူးလို့ ဆိုပါတယ်။
(၂) လစာကွာဟချက် များပြားခြင်း
အရည်အချင်းတူတဲ့ ၀န်ထမ်းအချင်းချင်းကြား လစာကွာဟချက် များပြားလွန်းခြင်းဟာလည်း ၀န်ထမ်းတွေ မနှစ်သက်တဲ့ အရာတွေထဲက တစ်ခုအပါအ၀င် ဖြစ်ပါတယ်။
ဒါကြောင့် အဖွဲ့အစည်းတွေအနေနဲ့ လစာနှုန်းထား သတ်မှတ်ရာမှာ ခိုင်မာတဲ့မူဝါဒတွေ ချမှတ်ထားဖို့ လိုပါတယ်။
ဒါ့အပြင် ရှုထောင့်တစ်ခုတည်းကိုကြည့်ပြီး သတ်မှတ်ခြင်းဟာလည်း သင့်လျော်မျှတတဲ့ လစာနှုန်းထားကို သတ်မှတ်စေမိမှာ မဟုတ်တဲ့အတွက် ရှုထောင့်ပေါင်းစုံကနေ အကဲဖြတ်ပြီး လစာနှုန်းထားကို သတ်မှတ်ဖို့လိုပါတယ်။
(၃) လုံခြုံမှုမရှိတဲ့ လုပ်ငန်းခွင်
လုပ်ငန်းခွင်လုံခြုံမှု အားနည်းတာကိုလည်း ၀န်ထမ်းတွေဟာ မနှစ်သက်ကြပါဘူး။
ကိုယ့်အတွက် အန္တရာယ်များတဲ့ လုပ်ငန်းခွင်မျိုး၊ ဘ၀အာမခံချက်မပေးနိုင်တဲ့ လုပ်ငန်းခွင်မျိုးကို ဘယ်၀န်ထမ်းကမှ ရေရှည်လုပ်ချင်ကိုင်ချင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် အဖွဲ့အစည်းတွေအနေနဲ့ ၀န်ထမ်းတွေ ကြာရှည်ကြာမြဲ ထိန်းထားနိုင်ဖို့ရာ သူတို့အတွက် အာမခံချက်ပေးနိုင်တဲ့ လုံခြုံတဲ့လုပ်ငန်းခွင် အနေအထားကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။
(၄) အသိအမှတ်ပြု မခံရခြင်း
လူဆိုတာ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို အထိုက်အလျောက်တော့ အသိအမှတ်ပြု ခံချင်ကြပါတယ်။
ကိုယ့်ပတ်၀န်းကျင်ရဲ့ အသိအမှတ်ပြုခံရခြင်းဟာ ကိုယ်လုပ်နေတဲ့ အလုပ်ကို ပိုမိုပြီးတော့ လုပ်ချင်ကိုင်ချင်စိတ် မြင့်မားစေတာမို့ အသိအမှတ်ပြု မခံရတဲ့ ပတ်၀န်းကျင်/လုပ်ငန်းခွင်မှာ ဘယ်၀န်ထမ်းမှ ကြာရှည်ကြာမြဲ လုပ်ကိုင်ချင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် အဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်၀န်ထမ်းရဲ့ ကြိုးစားအားထုတ်မှုကို တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ အသိအမှတ်ပြုဖို့ အင်မတန် အရေးကြီးတယ်ဆိုတာကို မမေ့ပါနဲ့။
(၅) ၀န်နှင့်အား မမျှခြင်း
လူတစ်ယောက်ရဲ့လုပ်နိုင်စွမ်းဟာ သားရေကွင်းတစ်ကွင်းလိုပါပဲ။ လိုတာထက် ပိုလွန်းတဲ့ ဆွဲဆန့်မှုကို ခံနိုင်စွမ်း မရှိပါဘူး။
အမြင့်ဆုံးလုပ်နိုင်စွမ်းကို ကျော်လွန်ပြီးတော့ မတန်အောင် စေခိုင်းခြင်းနဲ့ ၀န်နှင့်အား မမျှတတဲ့ အလုပ်ပမာဏတွေကို သတ်မှတ်လုပ်ကိုင်စေခြင်းမျိုးကို ၀န်ထမ်းတွေအနေနဲ့ မနှစ်သက်ကြပါဘူး။
ဒါကြောင့် အလွန်အကျွံ စေခိုင်းတာမျိုး မဖြစ်စေဖို့ အဖွဲ့အစည်းတွေအနေနဲ့ သတိပြုဖို့ လိုအပ်ပါတယ်။
(၆) နေရာတကာ ၀င်စွက်စေခိုင်းခြင်း
နေရာတကာ ၀င်စွက်စေခိုင်းခြင်းကို အသိဥာဏ်နဲ့ လုပ်ရည်ကိုင်ရည်မြင့်မားတဲ့ ၀န်ထမ်းတွေက မနှစ်သက်တတ်ကြပါဘူး။
သူတို့ကို မယုံကြည်မှုလို့ အဲဒီလို စေခိုင်းတာလို့ မြင်တတ်ကြလို့ပဲ ဖြစ်ပါတယ်။
ယုံကြည်မှုတည်ဆောက်နိုင်ဖို့ရာမှာ အချို့ကိစ္စတွေကို သူ့နေရာနဲ့သူ လွှဲပြောင်းတာ၀န်ယူ စေခိုင်းတတ်ဖို့ လိုအပ်ပါတယ်။
ချုပ်ကိုင်ချယ်လှယ်လွန်းတယ်လို့ သူတို့အနေနဲ့ မြင်လာပြီဆိုရင်တော့ စီမံခန့်ခွဲမှုမှာ တစ်စုံတစ်ရာ အနှောင့်အယှက်ဖြစ်လာနိုင်ပြီး အဖွဲ့အစည်းရဲ့ တိုးတက်မှုကို တုံ့နှေးစေတတ်တယ်ဆိုတာကို သတိပြုဖို့ လိုအပ်ပါတယ်။
(၇) အရည်အချင်းမရှိတဲ့ အထက်လူကြီး
အဖွဲ့အစည်းအချို့ဟာ လူမှန်နေရာမှန် မရွေးချယ်တတ်တာကြောင့် အရည်အချင်း သိပ်မပြည့်၀တဲ့ လူအချို့ကို အထက်လူကြီးနေရာကို ပေးမိတတ်ကြပါတယ်။ လုပ်ပိုင်ခွင့်တွေကို ပေးမိတတ်ကြပါတယ်။
လက်အောက်၀န်ထမ်းက အထက်လူကြီးထက် ပိုမိုတဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ရလဒ်ကို ပေးနိုင်ပြီး အထက်လူကြီးက အရည်အချင်း မပြည့်၀ဘူးဆိုရင်တော့ အဲဒီလုပ်ငန်းခွင်မှာ ပဋိပက္ခတွေ ဖြစ်လာနိုင်ပြီဆိုတာ သတိပြုပါ။
၀န်ထမ်းတွေဟာ အရည်အချင်း ပြည့်၀တဲ့သူရဲ့ စီမံခန့်ခွဲမှုကို လိုချင်ကြတာ အမှန်ပါ။
ဒါကြောင့် အရည်အချင်း မရှိတဲ့သူတွေရဲ့ စီမံခန့်ခွဲမှုပုံစံကို သူတို့တွေ မနှစ်သက်တတ်ကြပါဘူး။
(၈) တက်လမ်း မရှိခြင်း
၀န်ထမ်းတွေဟာ သူတို့ရဲ့တိုးတက်ရာ တိုးတက်ကြောင်းကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ပေးနိုင်တဲ့ အဖွဲ့အစည်းမျိုးကိုပဲ ရွေးချယ်လုပ်ကိုယ်ကြမှာ ဖြစ်ပါတယ်။
တစ်နှစ်ပြီး တစ်နှစ်သာ အချိန်တွေ ကုန်ဆုံးသွားတယ်။ သူတို့ဘ၀အတွက် ငွေကြေး၊ ဘ၀အောင်မြင်မှု၊ အသက်မွေးမှု၊ ဘ၀ရည်မှန်းချက်... စတဲ့စတဲ့ တစ်စုံတစ်ရာ တိုးတက်မှု မရှိဘူးဆိုရင်တော့ အဲဒီအဖွဲ့အစည်းမှာ ဘယ်လိုမှ ဆက်လက်လုပ်ကိုင်ချင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် အဖွဲ့အစည်းတွေအနေနဲ့ ၀န်ထမ်းတွေကို ရေရှည်အထိ ထိန်းထားနိုင်ဖို့ဆိုရင်တော့ သူတို့တစ်ဦးချင်းစီရဲ့ အသက်မွေးမှု တိုးတက်လမ်း (ဝါ) ဘ၀ရည်မှန်းချက် တိုးတက်လမ်းကို ဖန်တီးပေးနိုင်တဲ့ လုပ်ငန်းခွင်မျိုး ဖြစ်တဲ့အထိ ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်တယ်ဆိုတာကို သတိပြုပါ။
တိုးတက်မှုမရှိတဲ့ အဖွဲ့အစည်းကိုလည်း ၀န်ထမ်းတွေဟာ မနှစ်သက်ကြပါဘူး။
(၉) မျှတမှုမရှိတဲ့ လုပ်ငန်းခွင်
လုပ်ငန်းခွင်မှာ သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေတွေ၊ မူဝါဒတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ ၀န်ထမ်းအားလုံးအတွက် တစ်ပြေးညီ ဖြစ်ဖို့လိုပါတယ်။
လူတစ်ယောက် (ဝါ) အဖွဲ့အစည်းတစ်ခု (ဝါ) ဌာနတစ်ခုအတွက် သီးခြားအခွင့်ထူးတွေ ပေးထားမယ်ဆိုရင် အဲဒီအဖွဲ့အစည်းတွေဟာ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖန်တီးပေးနေတာနဲ့ အတူတူပါပဲ။
အဆိုးအကောင်းကို တစ်ပြေးညီ ခံစားခွင့် မရှိတဲ့ လုပ်ငန်းခွင်ကို ၀န်ထမ်းတွေ မနှစ်သက်ကြပါဘူး။
အလုပ်လုပ်သူ လူတန်းစားနဲ့ အခွင့်ထူးခံ လူတန်းစားတွေဆိုပြီး ဖြစ်ပေါ်လာပြီဆိုရင်တော့ အဲဒီအဖွဲ့အစည်းဟာ မကြာခင်မှာ ဆုံးရှုံးနစ်နာမှုကို မရေမတွက်နိုင်အောင် ကြုံတွေ့ရတော့မှာဖြစ်ပါတယ်။
ဒါကြောင့် မျှတမှုမရှိတဲ့ လုပ်ငန်းခွင်ကို ၀န်ထမ်းတွေ မနှစ်သက်ကြတာမို့ အထူးသတိပြုဖို့ လိုအပ်ပါတယ်။
(၁၀) အတ္တကြီးတဲ့ အထက်လူကြီးတွေ
အတ္တကြီးတဲ့ နတ်ဆိုးလို လူကြီးတွေ၊ မန်နေဂျာတွေနဲ့ အထက်လူကြီးတွေကို ၀န်ထမ်းတွေဟာ မလိုလားကြပါဘူး။
ဘယ်လောက်ပဲ ထက်မြက်ထူးချွန်နေပါစေ၊ စိတ်ဓာတ်ရေးရာ နိမ့်ပါးပြီး အတ္တကြီးလွန်း (ဝါ) တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ လူကြီးတွေကို ၀န်ထမ်းတွေက မလိုလားကြပါဘူး။
ကိုယ်မှ သိ၊ တတ်၊ တော်၊ ထက်၊ ကျွမ်းတယ်ဆိုတဲ့ စိတ်ဓာတ်အခံနဲ့ စီမံခန့်ခွဲနေတဲ့ အထက်လူကြီးမျိုးကို ၀န်ထမ်းတွေက ဘယ်လိုနည်းနဲ့မှ မနှစ်သက်ကြပါဘူး။
ကိုယ့်ရဲ့ လက်အောက်၀န်ထမ်းကို ရင်၀ယ်သားလို စိတ်ထားနဲ့ ပြုပြင်လမ်းတည့်ပေးနိုင်တဲ့ အထက်လူကြီးမျိုးပဲ ၀န်ထမ်းတွေက လိုချင်ကြတာပါ။
ဒါကြောင့် အတ္တကြီးတဲ့ နတ်ဆိုးလို လူကြီးမျိုးကို လုပ်ငန်းခွင်မှာ မရှိသင့်ဘူးဆိုတာ အဖွဲ့အစည်းတွေအနေနဲ့ သတိပြုဖို့ လိုအပ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ ၀န်ထမ်းတွေ မနှစ်သက်တဲ့ အချက် (၁၀) ချက်ကို မပြုမိအောင် လိုက်နာဆောင်ရွက်ခြင်းဖြင့် တော်ထက်မြက်တဲ့ ၀န်ထမ်းကောင်းတွေကို ရေရှည်အထိ ထိန်းသိမ်းထားနိုင်ခြင်းဖြင့် အဖွဲ့အစည်းရဲ့ တိုးတက်မှုကို အောင်မြင်စွာ တည်ဆောက်နိုင်ပါကြစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
Ref: "10 Things Employees Dislike Most About Their Employers" by Dr. Jan Stringer
Credit:ShanZwe Ko(YUEco)