အလုပ်
မန်နေဂျာတိုင်းတတ်ထားရမည့်
အလုပ်ခိုင်းခြင်း အနုပညာ
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
လုပ်ငန်းခွင်တွေမှာ ကြုံတွေ့နေရတဲ့ လုပ်ငန်းခွင် မပြေလည်တာတွေဟာ စီမံခန့်ခွဲသူတွေရဲ့ အလုပ်တာ၀န်ခွဲဝေတာ၊ အလုပ်ခိုင်းတာတွေမှာ လိုအပ်နေတာကြောင့် ဖြစ်နေတတ်ပါတယ်။
တခါတလေမှာ ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား မခိုင်းဘဲ ဟိုလိုလို ဒီလိုလိုနဲ့ လက်အောက်ငယ်သား ၀န်ထမ်းတွေအနေနဲ့ ဘာလုပ်ရမှန်းမသိဖြစ်ပြီး အလုပ်တွေမပြီးတာ၊ ပြီးတော့လည်း လုပ်ခိုင်းစေချင်တဲ့ပုံစံမျိုးမဟုတ်တာတွေဖြစ်ပြီး လုပ်ငန်းခွင်မပြေလည်တာတွေ ဖြစ်လာတာပါပဲ။
ဒီလို အဆင်မပြေတာတွေဟာ တာ၀န်ပေးအပ်ခံရတဲ့၀န်ထမ်းရဲ့ လုပ်ငန်းကျွမ်းကျင်မှု၊ အလုပ်အပေါ် အလေးအနက်ထားမှု၊ စိတ်ပါ၀င်စားမှုတွေနဲ့သက်ဆိုင်သလို စီမံခန့်ခွဲသူတွေရဲ့ ခိုင်းတတ်တဲ့ အရည်အချင်းနဲ့လည်းသက်ဆိုင်ပါတယ်။
လက်အောက်ငယ်သား ၀န်ထမ်းတွေကို လုပ်ငန်းတာ၀န်တွေပေးတဲ့နေရာမှာ အဆင်ပြေပြေ အထောက်အပံ့ပေးနိုင်တဲ့ အကြံပြုချက်တချို့ကိုဖေါ်ပြလိုပါတယ်။
၁• Know exactly what you want.
၀န်ထမ်းတစ်ယောက်ယောက်ကို အလုပ်တာ၀န်ပေးတော့မယ်ဆိုရင် ဘယ်လိုရလဒ်တွေလိုချင်လို့ တာ၀န်ပေးတယ်ဆိုတာကို မိမိကိုယ်တိုင် ရှင်းရှင်းလင်းလင်း တိတိကျကျသိနေဖို့လိုပါတယ်။
တခါတလေမှာ ကိုယ်တိုင်က ဘာလိုချင်မှန်း၊ ဘာဖြစ်ချင်မှန်းမသိဘဲ ဟိုလိုလို ဒီလိုလိုနဲ့ လုပ်ငန်းတာ၀န်တွေပေးလိုက်တဲ့ အကျိုးဆက်ကြောင့် မလိုလားအပ်တဲ့ အချိန်နှောင့်နှေးမှုတွေ၊ မှားယွင်းမှုတွေဖြစ်တတ်ပါတယ်။
အဲဒါကြောင့်ပဲ မိမိဘာဖြစ်စေချင်တယ်၊ ဘယ်လိုရလဒ်မျိုးတွေလိုချင်တဲ့အကြောင်း မိမိကိုယ်တိုင်သိပြီး ၀န်ထမ်းတွေကို တာ၀န်ပေးအပ်ပါ။
၂• Select the right person for the job.
တာ၀န်ပေးတဲ့နေရာမှာလည်း ဘယ်သူကို တာ၀န်ပေးရင်အသင့်တော်ဆုံးနဲ့ မြန်မြန်နဲ့မှန်မှန်ပြီးမယ်ဆိုတာ နားလည်နေပြီး သေချာရွေးချယ်ရမှာဖြစ်ပါတယ်။
လက်အောက်ငယ်သား ၀န်ထမ်းတွေအထဲမှာ ကုန်းလမ်းမှာ အပြေးမြန်တဲ့ယုန်လို ၀န်ထမ်းတွေ ရှိနိုင်သလို၊ ရေးကူးကျွမ်းကျင်တဲ့ လိပ်လို ၀န်ထမ်းတွေရှိနိုင်ပါတယ်။ ကုန်းလမ်းခရီးလို လုပ်ငန်းတာ၀န်မျိုးကို ခိုင်းတဲ့နေရာမှာ ကျွမ်းကျင်ပိုင်နိုင်မှုရှိတဲ့ ယုန်၀န်ထမ်းတွေကို ခိုင်းဖို့လိုအပ်သလို ရေလမ်းခရီးတာ၀န်မျိုးမှာ လိပ်ကိုခိုင်းရမှာပဲဖြစ်ပါတယ်။
ရေလမ်းခရီးရော၊ ကုန်လမ်းခရီးပါ ပါ၀င်တဲ့ လုပ်ငန်းမျိုးကိုတော့ ယုန်နဲ့လိပ်ပေါင်းပြီး လုပ်ငန်းတာ၀န်တွေ ခိုင်းစေဖို့လိုအပ်ပါတယ်။
၃• Use your established chain of authority.
လုပ်ငန်းအရွယ်အစား ကြီးတာပဲဖြစ်ဖြစ်၊ သေးတာပဲဖြစ်ဖြစ် လုပ်ငန်းဖွဲ့စည်းပုံတွေ Reporting Line တွေကို စနစ်တကျ သတ်မှတ်ထားဖို့လိုအပ်ပါတယ်။
တခါတလေမှာဖြစ်တတ်တာက လုပ်ငန်းတာ၀န် ပေးအပ်ခံရတဲ့ လက်အောက်ငယ်သား ၀န်ထမ်းက လုပ်ငန်းခွင်မှာ အခက်အခဲတခုခုရှိလို့ ဆုံးဖြတ်နိုင်တဲ့အတိုင်းအတာ ကျော်လွန်တဲ့အခါမှာ ဘယ်သူ့ကို Report တက်ရမယ်မှန်း တိတိကျကျ မသိတတ်တာတွေရှိပါတယ်။
ဟိုလူကြီးပဲ Report တက်ရတော့မလို ဒီလူကြီးပဲ Report တက်ရတော့မလိုနဲ့ တခါတလေ လူကြီး ၂ ယောက် ၃ ယောက်လောက်ကို Report တက်ဖြစ်ပြီး တခါတလေမှာ ဘယ်သူ့ကိုမှ Report မတက်တာမျိုးတွေဖြစ်တတ်ပါတယ်။
၄• Use clear, concise, plain language.
ဒီအချက်ကအရေးကြီးပါတယ်။ မိမိခိုင်းချင်တဲ့ ပုံစံ၊ လိုချင်တဲ့ပုံစံကို သေချာပြောပြဖို့လိုပါတယ်။ နောက်တစ်ခုက တခါတလေမှာ ၀န်ထမ်းက နားလည်သလိုနဲ့ နားမလည်ဘဲ အလွဲတွေ လုပ်တတ်ပါတယ်။
တချို့၀န်ထမ်းတွေက ရိုးရိုးရှင်းရှင်းပြောမှ နားလည်တာ ရှိပါတယ်။ စီမံခန့်ခွဲသူတွေဟာ မိမိ၀န်ထမ်းတစ်ဦးချင်းရဲ့ Readiness ကို နားလည်ထားဖို့လိုအပ်ပါတယ်။
၅• Give reasons and explain significance.
ဘာကြောင့် ဒီလုပ်ငန်းကို တာ၀န်ပေးရတဲ့ အကြောင်း၊ တာ၀န်ပေးလိုက်တဲ့ အလုပ်ကလည်း ဘယ်လောက် အရေးကြီးကြောင်း၊ ဘယ်လိုအကျိုးဆက်တွေအထိဖြစ်နိုင်တယ်ဆိုတာ တာ၀န်ပေးတော့မယ့် ၀န်ထမ်းကို သေချာနားလည်အောင်ရှင်းပြထားဖို့ လိုအပ်ပါတယ်။
ဘာအကျိုးဆက်တွေ ဆက်ဖြစ်နိုင်တယ်၊ ဘယ်လောက် အရေးကြီးတယ်ဆိုတာ နားလည်မှ ကောင်းမွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ သတိထားချက်တွေနဲ့ လုပ်ငန်းတာ၀န်ကိုထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။
၆• Check for understanding.
၀န်ထမ်းကို ပေးအပ်လိုက်တဲ့တာ၀န်အပေါ်မှာ ပြန်မေးစရာရှိမရှိ မေးကြည့်ပါ။ မိမိဘာကို ဆိုလိုကြောင်း ဘယ်လိုနားလည်လဲ ဆိုတာပြန်မေးကြည့်ပါ။ အဓိကတော့ နားလည်မှုလွဲချော်သွားမှာဆိုးလို့ဖြစ်ပါတယ်။
၇• Respect individual experience.
လုပ်ငန်းတာ၀န်တွေကို ဘယ်လိုခိုင်းရမလဲဆိုတာဟာ တာ၀န်ပေးအပ်ခံရမယ့် ၀န်ထမ်းရဲ့ အတွေ့အကြုံ၊ ဗဟုသုတ၊ ကျွမ်းကျင်မှုအပေါ်မှာလည်းမူတည်ပါတယ်။
လုပ်ငန်းကျွမ်းကျင်မှုမရှိတဲ့၊ အတွေ့အကြုံမရှိတဲ့ ၀န်ထမ်းတွေကိုလုပ်ငန်းတာ၀န်တွေပေးအပ်တဲ့နေရာမှာ အတွေ့အကြုံရှိပြီး လုပ်ငန်းကျွမ်းကျင်တဲ့သူတွေကို ခိုင်းတဲ့ပုံစံမျိုးနဲ့ အဆင်မပြေနိုင်ပါဘူး။ Follower Readiness ကိုနားလည်ဖို့လိုအပ်ပါတယ်။
၈• Distribute tasks evenly among staff members.
၀န်ထမ်းတစ်ယောက်တည်းကိုပဲ အလုပ်တစ်ခုတည်းကို ထပ်ခါထပ်ခါမခိုင်းဘဲ အလှည့်ကျခိုင်းဖို့ လိုအပ်ပါတယ်။ ဒီလိုခိုင်းစေတာဟာ Job Design နဲ့ ဆိုင်နေပြန်ပါတယ်။
ဆိုလိုတာကတော့ တခါတလေမှာ စိန်ခေါ်မှုမရှိဘဲ Nonsense ဘက်ကိုဦးတည်တဲ့ လုပ်ငန်းတာ၀န်တွေကို ၀န်ထမ်းတစ်ယောက်တည်းကိုပဲ အမြဲခိုင်းနေရင် အဲဒီ၀န်ထမ်းရဲ့စိတ်ဓါတ်ရေးရာကို ထိခိုက်စေနိုင်ပါတယ်။
၉• Follow up.
တာ၀န်ပေးအပ်ထားတဲ့ လုပ်ငန်းတာ၀န်တွေကို ၀န်ထမ်းက လုပ်နေလား၊ မလုပ်နေလား၊ လုပ်နေရင်လည်း လုပ်ပုံလုပ်နည်းတွေမှန်ကန်မှု ရှိလား၊ ပြင်ဆင်ပေးဖို့လိုအပ်လား စတာတွေကို Follow up လုပ်ပါ။
၀န်ထမ်းက ကောင်းကောင်းမွန်မွန် အောင်အောင်မြင်မြင်ထမ်းဆောင်နိုင်ရင်လည်း အသိအမှတ်ပြု ချီးကျူးစကားဆိုပါ။
၀န်ထမ်းတွေကို လုပ်ငန်းတာ၀န်တွေခိုင်းစေတဲ့နေရာမှာ ဖေါ်ပြခဲ့တာတွေနဲ့ မိတ်ဆွေတို့ရဲ့ စီမံခန့်ခွဲမှုစွမ်းရည်ကို ပေါင်းစပ်ပြီး လိုချင်တဲ့ လုပ်ငန်းရလဒ်တွေကို အရယူနိုင်ကြမှာပဲဖြစ်ပါတယ်။
Ref:How to give orders by Neil Flanagan & Jarvis Finger
Credit:Sir Paing Soe